
သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့၌ ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများဆောင်ရွက်မည့် အကြမ်းဖက်အဖွဲ့ဝင် ၁၆ ဦးကို လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၅ ရက် နံနက်ပိုင်းတွင် သီရိဝေ(ခ)မဝေ (၂၈)နှစ်ကို ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ BOC မှတ်တိုင်အနီး၌ ဖမ်းဆီးရမိခဲ့ကာ ၎င်း၏ထွက်ဆိုချက်အရ ယင်းနေ့ နေ့လယ်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ ရွှေနံ့သာစံပြကျေးရွာ၊ စံပြ(၁၉) လမ်းရှိ Land of Grace Flim Studio ၌ လက်လုပ်မိုင်း များ ပြုလုပ်လျက်ရှိသည့် တရားခံ ရန်ပိုင်ဌေး(၃၉)နှစ်၊ ဒန်နီရယ်(ခ) နေပွဲသော (၃၉) နှစ်၊ ပိုင်သက်စံ (၂၈)နှစ်၊ စောကော်မူး (ခ)ဂိုချွန်း(၂၈)နှစ်၊ မြတ်ထွေး (၃၀)နှစ်နှင့် နော်ရှီးခူဆဲ (၃၅)နှစ်တို့ ၆ ဦးကို M-16 ၁ လက်၊ ပွိုင့်-22 ၁ လက်၊ လက်လုပ်သေနတ် ၃ လက်၊ လက်လုပ်မိုင်း ၅ လုံး၊ ကျည်မျိုးစုံ ၇၃၀ တောင့်၊ ကျည်အိမ် ၂ ခု၊ မှန်ပြောင်း ၁ လက်၊ အသံတိတ်ပြောင်း ၁ ခု၊ ဒီတိုနေတာ ၁၈၀ ချောင်း၊ အဝေးထိန်းခလုတ် ၇ ခုနှင့် လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထို့အပြင် ယင်းနေ့ ညနေပိုင်း၌ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ ကျွန်းရွှေဝါလမ်းရှိ ရှမွေလ(ခ) ဦးရှင်ကြီး၏နေအိမ်၌ ရှမွေလ(ခ) ဦးရှင်ကြီး (၃၈) နှစ်၊ ကျော်ဇောဝင်း (၃၃)နှစ်နှင့် ဇေယျာထွန်း (၃၂)နှစ် တို့ ၃ ဦးကို MK-12 ၁ လက်၊ ကျည်အိမ် ၂ ခု၊ MK12 ပြောင်းကာ ၁ ခု၊ MK-12 ဒင် ၁ ခု၊ လက်လုပ်သေနတ် ၆ လက်၊ ကျည်မျိုးစုံ ၁၀၃၅ တောင့်၊ မှန်ပြောင်း ၁ လက်၊ ရှေ့ထွက်မိုင်း(ပြုလုပ်ဆဲ) ၁ လုံး၊ လက်လုပ်မိုင်း ၅ လုံး၊ ယမ်းချောင်း ၈၀ ချောင်း၊ ဒီတိုနေတာ ၃၂၀ ချောင်းအပါအဝင် မိုင်းနှင့်ဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း၊ လှိုင်သာယာမြို့နယ်၊ တပင်ရွှေထီးလမ်း၊ 81 ဘီယာဆိုင်၌ God of Death (GOD) အမည်ခံ အကြမ်းဖက်အဖွဲ့မှ သက်ပိုင်စိုး(၂၅)နှစ်၊ ထွန်းမင်းကျော် (၂၃)နှစ်နှင့် အေးချမ်းကိုကို (၂၂)နှစ်တို့ ၃ ဦးတို့အား လက်လုပ်မိုင်း ၁၀ လုံးဖြင့် လည်းကောင်း၊ မရမ်းကုန်းမြို့နယ်၊ ကုန်းမြင့်ရိပ်သာလမ်း၊ အမှတ်(၉၃/A)ရှိ Linn Studio ၌ ကျော်ကျော်အောင် (ခ)ကျော်ကြီး (၃၁)နှစ်ကိုလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ သီရိဝေ(ခ)မဝေ၏ ထွက်ဆိုချက်အရ ဧပြီလ ၁၁ ရက် ညပိုင်းတွင် မရမ်းကုန်း မြို့နယ်၊ ၉ ရပ်ကွက်၊ အညာစုလမ်း၊ အမှတ်(၁၇၉) နေအိမ်၌ ဇော်မင်းသိန်း(၃၉)နှစ်နှင့် လှမင်းသိန်း (၃၂)နှစ်တို့ ၂ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံ ကျား ၁၄ ဦး၊ မ ၂ ဦး၊ ပေါင်း ၁၆ ဦးတို့ကို M-16 ၁ လက်၊ MK-12 ၁ လက်၊ ပွိုင့်-22 ၁ လက်၊ လက်လုပ်သေနတ် ၉ လက်၊ လက်လုပ်မိုင်း မျိုးစုံ ၂၁ လုံး၊ ကျည်မျိုးစုံ ၁၇၆၅ တောင့်၊ ကျည်အိမ် ၄ ခု၊ MK-12 ပြောင်းကာ ၁ ခု၊ MK-12 ဒင် ၁ ခု၊ မှန်ပြောင်း ၂ လက်၊ အသံတိတ်ပြောင်း ၁ ခု၊ ဒီတိုနေတာ ၅၀၀ ချောင်း၊ အဝေးထိန်းခလုတ် ၇ ခု၊ ယမ်းချောင်း ၈၀ ချောင်း၊ လက်လုပ်သေနတ်နှင့် လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် သီရိဝေ(ခ)မဝေ၊ ရှမွေလှ (ခ)ဦးရှင်ကြီး၊ ကျော်ဇောဝင်း၊ သက်ပိုင်စိုးနှင့် အေးချမ်းကိုကိုတို့သည် ဖမ်းဆီးရန်ကျန် တရားခံ ကိုကျား၏ ချိတ်ဆက်ပေးမှုဖြင့် KNLA တပ်မဟာ(၆) နယ်မြေ၌လည်းကောင်း၊ ဇွန်လခန့်တွင် ကျော်ကျော်အောင် (ခ)ကျော်ကြီးသည် လိုင်ဇာမြို့ရှိ KIA ဗဟိုဌာနချုပ်၌လည်းကောင်း အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း ၁ လ တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ထို့အပြင် တရားခံများ၏ ထွက်ဆိုချက်အရ Union Myanmar civil Development (UMCD) အမည်ခံအကြမ်းဖက်အဖွဲ့အား ၂၀၂၁ ခုနှစ်၊ သြဂုတ်လခန့်တွင် ထိုင်းနိုင်ငံသို့ တိမ်းရှောင်နေသော ဖမ်းဆီးရန်ကျန်တရားခံ မာရီယာနှင့် သီရိဝေ(ခ) မဝေတို့ခေါင်းဆောင်၍ ရှမွေလှ(ခ)ဦးရှင်ကြီး၊ ကျော်ဇောဝင်း၊ ဇေယျာထွန်း၊ ဇော်မင်းသိန်း၊ လှမင်းသိန်းနှင့် ဖမ်းဆီးရန်ကျန်တရားခံ အမ်မာ၊ မျောက်၊ ခင်မောင်လင်း (ခ)ကိုလင်း၊ ကြယ်ခေါင်၊ ဆိုဖီယာ၊ ကိုဇန်၊ ရိန်းဂျား၊ ပင်လယ်တို့ပါဝင်သော အင်အား ၁၀၀ ဦးခန့်ဖြင့်လည်းကောင်း၊ God of Death(GOD) အမည်ခံ အကြမ်းဖက်အဖွဲ့အား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလခန့်တွင် ဖမ်းဆီးရန်ကျန် တရားခံ စိုးလေးခေါင်းဆောင်၍ သက်ပိုင်စိုး၊ ထွန်းမင်းကျော်၊ အေးချမ်းကိုကို၊ ကျော်ကျော်အောင်(ခ) ကျော်ကြီးတို့ပါဝင်သော အဖွဲ့ဝင် ၃၀ ဦးခန့်ဖြင့် လည်းကောင်း အသီးသီးဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖောက်ခွဲဖျက်ဆီးရေးပြုလုပ်ရန်အတွက် လိုအပ်သော ငွေကြေးများကို ဖမ်းဆီးရန်ကျန် တရားခံ မာရီယာထံမှ ရရှိခဲ့သည့်အပြင် KNLA တပ်မဟာ(၆) နယ်မြေ၌ သင်တန်းတက်ရောက်စဉ် လေ့ကျင့်ခန်း ပြုလုပ်ခဲ့သည့် ဓာတ်ပုံများအား လူမှုကွန်ရက်ပေါ်မှတစ်ဆင့်ဖြန့်ဝေ၍ ပြည်တွင်း/ပြည်ပရှိ အစွန်းရောက် NLD ပါတီဝင်များ၊ NUGI CRPH အမည်ခံအကြမ်းဖက်အဖွဲ့များထံမှ လက်ခံရရှိခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ UMCD နှင့် GOD အမည်ခံ အကြမ်းဖက်အဖွဲ့များသည် CRPH၊ NUG အကြမ်းဖက်အဖွဲ့များ၏ စေခိုင်းမှုဖြင့် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်နှင့် မဟာသင်္ကြန်ပွဲတော်ကာလအတွင်း အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန် ရည်ရွယ်၍ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူနှင့် သက်ဆိုင်သောနေရာ ၇ နေရာတွင် အကြမ်းဖက်ဖောက်ခွဲ မှုများပြုလုပ်ရန် စီစဉ်ထားကြောင်း
– ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်ရှိ ပိုင်အိုးနီးယားကလပ်။
– လှိုင်သာယာမြို့နယ်၊ ဘုရားလမ်းရှိ မော်ဒန်ဝမ်းတူး KTV ။
– မြောက်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာပအဝိုင်း။
– မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာအေးဗီလာ။
– ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းရှိ Sky Way club ။
– လှိုင်သာယာမြို့နယ်ရှိ ထွန်းဖောင်ဒေးရှင်းရုံး။
– ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံတို့ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်း ကာကွယ်တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာ နေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်ထားသည်။
#mhtnews

(Zawgyi)
#mhtnews
Recent Comments