လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားအားလုံး ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးရေးလုပ်ငန်းကို နိုင်ငံတစ်ဝန်း ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံသားတိုင်း နိုင်ငံသားကတ် (မှတ်ပုံတင်) ကိုင်ဆောင်နိုင်ရေးနှင့် မရှိသေးသူများမဖြစ်မနေ ဆောင်ရွက်နိုင်ရေး ရည်ရွယ်ချက်ဖြင့် အများပြည်သူ ခရီးသွားလာရာတွင်ဖြစ်စေ၊ တည်းခိုနေထိုင် ရာတွင်ဖြစ်စေ၊ နိုင်ငံသားကတ် (မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင် ဖြစ်စေ တရားဝင်ထုတ်ပေးထားသော နိုင်ငံသားကတ် (မှတ်ပုံတင်) ကို ဧပြီ ၁ ရက် မှစတင် စစ်ဆေးဆောင်ရွက် လျက်ရှိသည်

ထိုသို့ဆောင်ရွက်လျက်ရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းတွင် ဧရာဝတီတံတား(မကွေး) မင်းဘူးဘက်ခြမ်း ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ သွားရောက်၍ တာဝန်ရှိသူများက ခရီးသွားပြည်သူများကို နိုင်ငံသားကတ် (မှတ်ပုံတင်)ပါရှိခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများကို စစ်ဆေးဆောင်ရွက်ခြင်းကြောင့် ခရီးသွားလာမူ ကြန့်ကြာမှုမရှိစေရေးနှင့် ခရီးသွားများအား ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက်၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရေး၊ နိုင်ငံသားကတ် (မှတ်ပုံတင်) မပါလာသူများနှင့် မပြုလုပ်ရသေးသူများအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများကို အသေးစိတ်မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ခရီးသွား ပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ နိုင်ငံသားကတ်စစ်ဆေးရသည့် ရည်ရွယ်ချက်၊ ကတ်ပြား၏ အသုံးဝင်တန်ဖိုးနှင့် စနစ်တကျ ကိုင်ဆောင်နိုင်ရေး အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့၊ မကွေး-တောင်တွင်း ကြီးလမ်း၊ ကံပြား စစ်ဆေးရေးဂိတ်၌ တာဝန်ရှိသူများက ခရီးသွားပြည်သူများကို နိုင်ငံသားကတ်(မှတ်ပုံတင်)ပါရှိခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်-ကံပြားလမ်း၊ မြို့သစ်နှင့် တောင်တွင်းကြီးလမ်းခွဲရှိ ဆောက်လုပ်ရေးဧည့်ခန်းမ၌ ပူးပေါင်စစ်ဆေးရေးဆောင်ရွက်နေသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရီးသွားပြည်သူများအား တွေ့ဆုံကာ နိုင်ငံသားတိုင်း နိုင်ငံသားကတ်(မှတ်ပုံတင်) ရရှိကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံသားကတ်ကို ယခင် မိုးပွင့်စီမံချက်ဖြင့် ကတ်ပြား (၈ ဒသမ ၄) သန်းကျော်၊ သစ္စာစီမံချက်ဖြင့် (၆ ဒသမ ၂)သန်းကျော်၊ ယခုပန်းခင်းစီမံချက်ဖြင့် (၃) သန်းခန့် ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း၊ သို့သော်လည် မပြုလုပ်ရသေးသူများ ကျန်ရှိနေသေးသည့်အတွက် ပြည်သူများအား အသိပေးနှိုးဆော်သည့် အနေဖြင့် ယခုကဲသို့ စစ်ဆေးရေးဂိတ်များနှင့် တည်းခိုနေထိုင်ရာ နေရာများ၊ နိုင်ငံသားကတ် ပြသဆောင်ရွက် ရသည့်လုပ်ငန်းများတွင် နိုင်ငံသားကတ် ပါ/မပါ စစ်ဆေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍လည်း ပြည်ထောင်စုဝန်ကြီးက ယင်းကဲ့သို့ နိုင်ငံသားကတ် (မှတ်ပုံတင်) စစ်ဆေးမည့် အသိပေးကြေညာချက်ကိုလည်း အများပြည်သူ သိရှိစေရန် လွန်ခဲ့သည့် (၃)ပတ်ခန့်မှစတင်ကာ မီဒီယာများမှကြေညာခြင်း၊ အသိပေးဆိုင်းဘုတ်များ စိုက်ထူ အသိပေးခြင်းစသည့်တို့ကို ဘက်ပေါင်းစုံမှ ဆောင်ရွက်ခဲ့ကြောင်း၊ စစ်ဆေးရေး ဆောင်ရွက်နေသူများအနေဖြင့် အများပြည်သူ ခရီးသွားလာမူ အနှောက်အယှက် မဖြစ်စေရေး၊ လမ်းပန်းဆက်သွယ်မူလုံခြုံချောမွေ့စေရေးလုပ်ငန်းကို မထိခိုက်စေရေး စနစ်တကျစစ်ဆေးရန်နှင့် နိုင်ငံသားကတ်ပါရှိခြင်း ရှိ/မရှိ ပြသစေခြင်းသာ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ မပါရှိသူများကို မှတ်တမ်းထားရှိကာ မပြုလုပ်ရသေးပါက သက်ဆိုင်ရာရုံးများသို့ ဆက်သွယ်ဆောင်ရွက်ရန်နှင့် နောင်အစစ်ဆေးခံနိုင်ရန် ယူဆောင်လာရေး ရှင်းလင်းချပြကြရန်ဖြစ်ကြောင်း၊ နိုင်ငံသားကတ်၏ အသုံးဝင်တန်ဖိုးကိုမသိကြဘဲ အဆင်ပြေသလို ထောက်ခံစာဖြင့် သွားလာဆောင်ရွက်နေကြသည်ကို ခွင့်မပြုတော့ဘဲ နိုင်ငံသားကတ်ရှိမှ ဖြစ်မည့်ဆိုသည့် အသိရရှိစေရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်းဖြင့် ရှင်းလင်းပြောကြားကာ စစ်ဆေးရေးဂိတ်၌ ခရီးသွား ပြည်သူများအား တာဝန်ရှိသူများက လိုအပ်သည့် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ နိုင်ငံသားကတ် (မှတ်ပုံတင်) စစ်ဆေးနေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်ဟု သိရသည်။

#mhtnews

(Zawgyi)

“ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ မကွေး-နေပြည်တော် လမ်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များ၌ ခရီးသွားပြည်သူများအား နိုင်ငံသားကတ်(မှတ်ပုံတင်) ပါရှိခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး”







#mhtnews